
play-off ဆီးမီးဖိုင်နယ်မှာ ယူရိုချန်ပီယံအီတလီကို နောက်ကောက်ချခဲ့ပြီးနောက်
မြောက်မက်ဆီဒိုးနီးယားရဲ့သူရဲကောင်းတွေဟာ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့်
စီရော်နယ်ဒိုတို့ရဲ့ပေါ်တူဂီကို သတိပေးလိုက်ပါတယ်။
လူဦးရေ ၂ သန်းသာရှိတဲ့ နိုင်ငံငယ်လေးဟာ ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုကို
နာကျင်အချိန်ပို ၉၂ မိနစ်မှာ ရတဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ အံ့အားသင့်ဖွယ်လုပ်နိုင်ခဲ့တာပါ။
အခုတော့ မြောက်မက်ဆီဒိုးနီးယားဟာ ကာတာကမ္ဘာ့ဖလားက
နေရာတစ်နေရာအတွက် လာမယ့်အင်္ဂါမှာကစားမယ့် play-off ဗိုလ်လုပွဲမှာ
နောက်ထပ်ဘောလုံးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ပေါ်တူဂီနဲ့ဆက်လက်ရင်ဆိုင်ရမှာပါ။
သူတို့ဟာ အီတလီလိုအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်မယ်လို့
ဘယ်သူမှ ထင်ထားကြတာ မဟုတ်ပါဘူး။
ဒါကြောင့်လည်း အီတလီမြေမှာ အိမ်ရှင်အသင်းကို အနိုင်ရခဲ့ပြီးနောက်
အဝတ်အစားလဲခန်းထဲမှာ အမှန်အကန်အောင်ပွဲခံခဲ့ကြပါတယ်။
ဒါပေမဲ့ ပေါ်တူဂီလိုအသင်းမျိုးကို ရင်ဆိုင်ရဦးမှာဆိုတော့
သူတို့ဟာ အပြည့်အဝပျော်လို့ မရသေးပါဘူး။
ယူဂိုဆလားဗီးယားက ခွဲထွက်ပြီးနောက်ပိုင်း မြောက်မက်ဆီဒိုးနီးယားအတွက်
တစ်ခုတည်းသော နိုင်ငံတကာပြိုင်ပွဲကြီးဆိုလို့ ယူရို ၂၀၂၀ သာ ရှိခဲ့တာပါ။
သူတို့ဝင်ပြိုင်ဖူးတဲ့အဲဒီတစ်ခုတည်းသော နိုင်ငံတကာပြိုင်ပွဲကြီးမှာလည်း
မြောက်မက်ဆီဒိုးနီးယားဟာ တစ်မှတ်မှ မယူနိုင်ခဲ့ပါဘူး။
မြောက်မက်ဆီဒိုးနိးယားအသင်းခေါင်းဆောင်ရစ်စတော့စကီးကတော့
ကာတာကမ္ဘာ့ဖလားကို သူတို့ရောက်ရှိနိုင်တယ်လို့ ယုံကြည်နေပါတယ်။
”ဒီနိုင်ပွဲအတွက် ကျွန်တော်အရမ်းကိုပျော်ရွှင်နေပါတယ်။
မြောက်မက်ဆီဒိုးနီးယားကို ပြန်တဲ့အခါ
သောင်းသောင်းဖြဖြကြိဆိုကြမယ်လို့လည်း မျှော်လင့်ထားပါတယ်။
ကျွန်တော်တို့ ပေါ်တူဂီကိုအနိုင်ယူနိုင်သလားဆိုရင်
ဟုတ်ကဲ့၊ အနိုင်ယူနိုင်တယ်လို့ပဲ ပြောရမှာပါ။
အနိုင်ရဖို့ ကျွန်တော်တို့ ဘာမဆိုလုပ်မှာဖြစ်ပြီး
အနိုင်ရအောင်လည်း ကစားနိုင်မှာပါ”လို့ ရစ်စတော့စကီးက ပြောခဲ့တာပါ။
zawgyi
အီတလီကို နောက်ကောက်ချပြီး မြောက်မက်ဆီဒိုးနီးယား သူရဲကောင်းတွေ စီရော်နယ်ဒိုတို့ကို သတိပေးလိုက်